ည…..
မိုးသားတွေအောက်
တိုးပျောက်တဲ့ ကြယ်တွေ
မဟူရာကြီးစိုး မီးခိုးတွေကအူ
ပုဇဉ်းရင်ကွဲ ပုရစ်အတွဲက အသံကုန်အော်ဟစ်
နွေကာလမို့ 
ကြွေကျနေတဲ့ သစ်ရွက်သံကတဖြောက်ဖြောက်
လေအလူး
မူးနေတဲ့ မြက်ပင်တွေက
ဘယ်ညာယိမ်းလို့ က
သင်္ခါရကိုမလွန်ဆန်နိုင်တဲ့ 
အရိုးပြိုင်းသစ်ပင်အောက်
ထုဆစ်ကျောက်သားအလား
တုတ်တုတ်မလှုပ် အရုပ်အလား..။
လူသားတယောက် …..
အတိတ်ကိုနောက်ပြန်ရစ်
အနာဂတ်ကိုမျှော်
ပစ္စုပ္ပန်ကို တဒင်္ဂမေ့ 
အတွေးတွေနဲ့ အလုပ်ရှုပ်နေတာပေါ့ 
ဆစ်ခနဲနာကျင်သွားလို့ လက်မောင်းကိုကြည့် လိုက်မိတယ်
ရန်သူတော်ခြင်သားက ဖင်ဖျားလေးထောင်လို့ 
အလစ်မှာ ....
သူ့ ရိက္ခာလာဖြည့် တင်းနေတာပါလား
မဟူရာည အရသာ ခံစားနေတာကို
လာနှောက်ယှက်သူ ခြင်ငမိုက်သားကို
ဘယ်လက်နဲ့ ဖတ်ခနဲရိုက်လို့ 
မပြန်လမ်း မြန်းခိုင်းလိုက်တယ်
သြော်….
ခုမှသတိရတယ်
ချဉ်ခြင်းတပ်နေတဲ့ မောင်ခံတွင်းအတွက်
ဆေးပြင်းလိပ်ကို မီးညှိ
တရှိုက်မက်မက်ဖွာရှိုက်လို့ ပြန်တွေးမိတယ်
ငါဘာတွေ တွေးလို့ 
ရေးနေမိတာပါလိမ့်  …..။
18.9.2010 နေ့ ရေးသည်
ခေတ္တ နေပြည်တော်
Post a Comment
Blogger Facebook Disqusblogger, facebook, disqus ထဲမှ မိမိ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး Comment ပေးနိုင်ပါသည်။